သတင်းမင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ်သန်းတစ်ရာနီးပါးတန် ဇိမ်ခံအိမ်ဝယ်ယူခဲ့ကြောင်း JFM ဖော်ထုတ်

2026. 03. 25


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Issara Residence Rama အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း(အမေရိကန်ဒေါ်လာ သုံးသန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar(JFM) က ယနေ့တွင် ဖော်ထုတ်လိုက်သည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဆန့်ကျင်သူတိုင်းကို ဖမ်းဆီးနှိပ်ကွပ်မှုများအရှိန်မြှင့်နေသည့်ကာလဖြစ်သော စစ်အာဏာသိမ်း ဒုတိယနှစ်အတွင်း မင်းအောင်လှိုင်၏ မိသားစုက ဘတ်သန်းချီတန်ဖိုးရှိသော အိမ်ရာကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း JFM ထုတ်ပြန်ချက်က ဆိုသည်။

ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited က ရောင်းချခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင် မိသားစုက ကြားခံဟန်ပြကုမ္ပဏီတစ်ခုအဖြစ် အသက်သွင်းထားသော ထိုင်းနိုင်ငံသားသုံးဦးပိုင် Emerald Princess Company Limited ကို လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။

ထိုတန်ဖိုးကြီးအိမ်ရာသည် Issara Residence, Rama 9 တွင် ရှိသော မြေဧရိယာ ၄၅၁ စတုရန်း မီတာရှိ 7C အကွက်ပေါ်တွင် တည်ရှိသည့် အဆင့်မြင့်အိမ်တစ်လုံးဖြစ်ပြီး၊ စာရွက်စာတမ်းအရ Emerald Princess Co., Ltd. အမည်ရှိ ကုမ္ပဏီကပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားသည်ဟု သိရသည်။

အိမ်ရာပိုင်ဆိုင်မှုများမလွှဲပြောင်းမီ တစ်ပတ်အလို Emerald Princess ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဝယ်ယူသူအချက်အလက်များကို ဖုံးကွယ်ရန်နှင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားမြေပိုင်ခွင့်တားမြစ်ချက်ကို လက်တစ်လုံးခြားရှောင်ရှားရန်စီစဉ်ခဲ့ကြောင်း ကုမ္ပဏီမှတ်တမ်းများ၊ မြေယာမှတ်တမ်းနှင့် လျှို့ဝှက်သတင်းရင်းမြစ်များအပေါ် အခြေခံ၍ JFM က ထုတ်ပြန်သည်။

အိမ်ရာကို မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းဝယ်ယူခဲ့ပြီး အကြောင်းအရင်းမှာ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန်ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်ထိ ၎င်းသည် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျတို့၏ အရေးယူပိတ်ဆို့မှုကို မခံရသေးဟု သိရသည်။

ထိုသို့ညှိနှိုင်းရာတွင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူပေးနေသည့် စစ်ခေါင်းဆောင်နှင့် နီးစပ်သော လက်နက်ပွဲစား ခရိုနီထွန်းမင်းလတ်က ညှိနှိုင်းပေးခဲ့ကြောင်း JFM က ဆိုသည်။

ထိုအိမ်ရောင်းဝယ်မှုအပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်နက်ပွဲစား ထွန်းမင်းလတ်သည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် ရာဇဝတ်စီးပွားလုပ်ငန်းများ စုဖွဲ့လုပ်ကိုင်မှုများဖြင့် အမှုဖွင့်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ပြန်လွှတ်ပေးခဲ့သည်။

ထွန်းမင်းလတ်သည် ၂၀၁၇ ခုနှစ်တွင် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံအတွက် Belle Grand Rama 9 တွင် တိုက်ခန်းတစ်ခန်းဝယ်ယူနိုင်ရန် ကူညီပေးခဲ့ပြီး ထိုတိုက်ခန်းသည် လက်ရှိတွင် အခွန်မဆောင်သဖြင့် ထိန်းချုပ်ပိတ်ပင်ခံထားရသည်ဟု သိရသည်။

ပြည်သူလူထုကို နှိပ်ကွပ်နေချိန် အခြားတစ်ဖက်တွင် မိသားစုအတွက် အိမ်နီးချင်းထိုင်းနိုင်ငံတွင် အိမ်ရာဝယ်ယူမှုမှာ ရွံရှာဖွယ်ဖြစ်ပြီး စစ်အုပ်စုမိသားစုဝင်များ၊ ခရိုနီများကို ငွေကြေးစီးဆင်းမှု၊ အိမ်ရာဝယ်ယူမှုများကို ထိုင်းအစိုးရက ပိတ်ပင်ရန်ပျက်ကွက်နေကြောင်း JFM ပြောခွင့်ရ မရတနာမောင်က ဆိုသည်။

“ဒီလို တန်ဖိုးကြီးအိမ်ခြံမြေဝယ်ယူမှုတွေက ထိုင်းဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်နဲ့ သူရဲ့မိသားစု အပါအဝင် ပါဝင်ပတ်သက်သူတွေကို အရေးတကြီး အရှိန်မြှင့်တင် စုံစမ်းစစ်ဆေးပြီး၊ တရားစွဲဆိုမှုတွေ လုပ်‌ဆောင်ဖို့နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အိမ်ရာဝယ်ယူရန် သုံးစွဲသည့် ငွေကြေးများနှင့် ကန့်သတ်တားမြစ်ချက်များကို ရှောင်ရှားရန် ကြားခံကုမ္ပဏီအသုံးချမှုများသည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ငြိစွန်းနိုင်ပြီး ပါဝင်ပတ်သက်သူများကို စုံစမ်းအရေးယူရန် JFM က တောင်းဆိုထားသည်။

Ref : Myanmar Now (https://www.facebook.com/share/p/1Ghz4s2Dhv/)

b66f3d50cef70.png