သတင်းတော်လှန်နယ်မြေများတွင် စက်သုံးဆီအကျပ်အတည်းရိုက်ခတ်

2026. 03. 26


စစ်တပ်၏ ကုန်စည်ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းများရှားပါးခဲ့ရာမှ ယခုအခါ စက်သုံးဆီအကျပ်အတည်းကို ထပ်မံရင်ဆိုင်နေရ၍ တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင် ပိုအခက်ကြုံနေသည်။

စစ်တပ်ထိန်းချုပ်သော မြို့ကြီးမြို့ငယ်များမှ လာသော ကုန်စည်နှင့် လောင်စာဆီများကို အဓိက မှီခိုနေရပြီး လက်နက်ကိုင်ခုခံမှုအားကောင်းသော  စစ်ကိုင်းတိုင်း အလယ်ပိုင်းနှင့်အောက်ပိုင်း မြို့နယ်များတွင် စက်သုံးဆီ လိုသလောက်ဝယ်ယူမရတော့သလို နောက်ဆက်တွဲ ကုန်ဈေးနှုန်းပါ ထိုးတက်လာသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် ဆက်စပ်နေသော နယ်စပ်ထွက်ပေါက်များရှိရာ ဒေသများ၊ ရေနံထွက်သည့် မကွေးတိုင်းမှ ဒေသအချို့ အသက်ရှုချောင်နေသေးသော်လည်း ဈေးတက်လာသည်။

လောင်စာဆီ အသုံးပြုသော စိုက်ပျိုးရေးလုပ်ငန်းများ အခက်တွေ့လာသလို လယ်ယာသုံး စက်ပစ္စည်းများ ရပ်နား၍ လူအင်အားကို အဓိက သုံးလာရသည်။ တစ်နေရာမှ တစ်နေရာ အသွားအလာ နည်းပါးလာသလို သီးနှံများကိုလည်း ဒေသတွင်းသာ ရောင်းချနေကြရချိန် လောင်စာဆီဈေးသည် တရိပ်ရိပ်တက်လာသည်။

ယခင်ကတည်းက စစ်တပ်က စက်သုံးဆီ၊ ကုန်စည်တင်သွင်းမှုများ ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သော စစ်ကိုင်းတိုင်းဒေသများတွင်လည်း လိုသလောက်ဝယ်ယူမရတော့ကြောင်း ဆီရောင်းချသူများလည်း ညည်းတွားကြသည်။

ကမ္ဘာ့လောင်စာဆီ အကျပ်အတည်းမဆိုက်ခင်ကတည်းက စစ်ကိုင်းတိုင်းအလယ်ပိုင်းတွင် လောင်စာဆီ သိုလှောင်နေရာများ၊ ဆီသယ်ယာဉ်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့သဖြင့် အပျက်အစီးများ၊  လူထိခိုက်သေဆုံးမှုများ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

Ref : Myanmar Now (https://www.facebook.com/share/p/1E63s9hV6d/)

dc90c65285932.png