သတင်းနန်းနီနီအေး- အာဏာသိမ်းစစ်တပ်မှ အသွင်ပြောင်းအစိုးရ၏ အမျိုးသမီးဒုသမ္မတ

2026. 04. 01


အာဏာသိမ်းစစ်ခေါင်းဆောင်က အရပ်သားသမ္မတအဖြစ်ပြောင်းပြီး အုပ်ချုပ်ဖို့ ပြင်နေတဲ့ မြန်မာမှာ အမျိုးသမီး ဒုတိယသမ္မတတစ်ဦးကို စစ်ဗိုလ်ချုပ်ဟောင်းတွေလွှမ်းမိုးထားတဲ့ လွှတ်တော်ကရွေးချယ်လိုက်ပါတယ်။

စစ်ဗိုလ်ချုပ်တွေရဲ့ ဗဟိုအုပ်ချုပ်ရေးထဲမှာ ပါဝင်လာတဲ့ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေးက မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာတာပါ။

ဒါက နိုင်ငံရေးအာဏာကို လူတစ်စုက ထိန်းချုပ်ထားတဲ့ မြန်မာကနိုင်ငံရေးစနစ်မှာ အမျိုးသမီးတွေလည်း ဦးဆောင်မှုကဏ္ဍမှာပါဝင်တယ်ဆိုတာကို ပြသဖို့နဲ့ နိုင်ငံတကာမှာ အပြုသဘောအမြင်ရအောင်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။

တစ်ဖက်မှာတော့ အရပ်ဝတ်နဲ့ သမ္မတဖြစ်လာမယ့်စစ်ခေါင်းဆောင်နဲ့ သူ့ အစိုးရအဖွဲ့က စစ်အရာရှိကြီးတွေဆီမှာပဲ အဓိကဆုံးဖြတ်ချက်တွေ ဆက်ရှိနေမှာကြောင့် ဒီလိုခန့်အပ်မှုက အမှန်တကယ် အာဏာရှိ မရှိဆိုတာကို မေးခွန်းထုတ်နေကြတာပါ။

ကရင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နန်းနီနီအေးဟာ ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံ့ဝန်ထမ်းဘဝကနေ နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

နန်းနီနီအေးရဲ့ဖခင်ဖြစ်သူ စောဘိုးနီက ဦးနေဝင်းရဲ့တစ်ပါတီအာဏာရှင်စနစ်လို့ ခေါ်ခဲ့ကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာ ကရင်ပြည်နယ်၊ ပါတီယူနစ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ မိခင်ဖြစ်သူက နိုင်ငံ့ဝန်ထမ်း၊ လက်ထောက်ညွှန်မှူးအငြိမ်းစားပါ။

စောဘိုးနီက ဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အရ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပစ်ခတ်မှုရပ်စဲရေးခိုင်မာစေဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ ပြည်နယ်အဆင့် JMC - ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအထိ ပါဝင်ခဲ့သူဖြစ်ပါတယ်။

နန်းနီနီအေးဟာ ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးလောကထဲကို မဝင်ရောက်ခင် မူလတန်းပြ၊ အလယ်တန်းပြ ကျောင်းဆရာမငယ်ဘဝကနေ ကွန်ပျူတာတက္ကသိုလ်နည်းပြ၊ လက်ထောက်ကထိကအဆင့်အထိ နိုင်ငံ့ဝန်ထမ်းလုပ်သက် ၁၇ နှစ်ရှိခဲ့သူဖြစ်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဖာပွန်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။

ပါတီဗဟိုကော်မတီဝင်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကနေ ပြည်နယ်ပါတီဥက္ကဋ္ဌအထိဖြစ်လာခဲ့တဲ့သူ့ကို ကြံ့ခိုင်ရေးပါတီရဲ့ ငယ်မွေးခြံပေါက် ပါတီဝင်အမျိုးသမီးအဖြစ် ကရင်ပြည်နယ်က ကြံ့ခိုင်ရေးပါတီဝင်တချို့ကပြောပါတယ်။

''သူတို့ မိသားစုက စစ်အစိုးရတွေရဲ့ သြဇာခံမိသားစုလို့ပြောရင်လည်း မမှားဘူးပေါ့။ သူ ပထမဆုံး ရွေးကောက်ပွဲစဝင်တဲ့အချိန်မှာလည်း တပ်မိသားစုများတဲ့ ဖာပွန်ကနေ ဝင်ပြိုင်တာပေါ့'' လို့ ဘားအံမြို့က နိုင်ငံရေးနဲ့ လူမျိုးရေးရာကိစ္စတွေကို လေ့လာတဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလက KIC သတင်းဌာနနဲ့ နန်းနီနီအေး သီးသန့်မေးမြန်းခန်းမှာ "ကြံ့ခိုင်ရေးပါတီကို စစ်တပ်ပါတီဖြစ်တယ်၊ ကြံ့ခိုင်ရေးနိုင်ရင် အာဏာရှင်တွေကြီးစိုးလာမယ်" လို့ ပြောဆိုမှုတွေအပေါ် နန်းနီနီအေးရဲ့ သဘောထားကို ကေအိုင်စီသတင်းထောက်ကမေးချိန်မှာ စစ်ဗိုလ်ချုပ်တွေ အငြိမ်းစားယူပြီးရင် အရပ်သားပြည်သူဖြစ်သွားလို့ လွတ်လပ်စွာရွေးချယ်ခံပိုင်ခွင့်ရှိတယ်ဆိုတာမျိုး သူက တုံ့ပြန်ဖြေခဲ့ပါတယ်။ အာဏာရှင်ပြန်လာမယ်ဆိုတဲ့ပြောဆိုချက်က ရှေ့ကိုမသွားဘဲ နောက်ကိုသွားနေကြတာလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နန်းနီနီအေးကို အနေအထိုင်သိုသိပ်ကျစ်လစ်သူအဖြစ် အများစုက ပြောစမှတ်ပြုကြပါတယ်။ ထင်ထင်ပေါ် ပေါ် ကြွားကြွားဝါဝါ မနေတတ်တဲ့ သူ့ရဲ့ပင်ကိုယ်စရိုက်က လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အကြိုက်ဖြစ်ခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

နန်းနီနီအေး ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မြင်ကွင်းထဲမှာရှိနေတဲ့ အလားအလာကောင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ အနိုင်ရကြံ့ခိုင်ရေးပါတီထဲကအငြိမ်းစားဗိုလ်ချုပ်ကြီး ဒါဇင်ကျော်ကို ကျော်တက်ပြီး ဒုသမ္မတဖြစ်လာသလို ပြည်နယ်လွှတ်တော်အမတ်တစ်ဦးကို အမျိုးသားလွှတ်တော်က ဒုသမ္မတအဖြစ် မဲပေးရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒါကြောင့်သူဟာ ပါတီဥက္ကဋ္ဌဦးခင်ရီထက် ပြည်ထောင်စုအင်္ဂါစဥ်မှာအပေါ်ရောက်နေမှာကလည်း နောက်ထပ်ထူးခြားချက်ဖြစ်ပါတယ်။

''သူက တစ်သဝေမတိမ်း လိုက်နာတတ်သူလို့ ပြောရမှာပေါ့။ ဒါက ဦးမင်းအောင်လှိုင်ကြိုက်တဲ့ နိုင်ငံရေးသမားမျိုးပေါ့။ အရမ်းထင်ပေါ် ဖို့ကြိုးစားတဲ့အမျိုးသမီးဆိုရင် စစ်ခေါင်းဆောင်က မကြိုက်နိုင်ဘူး။ ရှေ့မှာ အရမ်းထင်ပေါ် သူတွေ ထင်ပေါ် ဖို့ကြိုးစားသူတွေ ဘာဖြစ်သွားလဲ။ သူက နေတတ်ထိုင်တတ်တယ်။ ဒါလုပ်ဆိုရင် ဒါပဲလုပ်တဲ့သူမျိုး'' လို့ နေပြည်တော်အခြေစိုက်နေထိုင်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

နန်းနီနီအေးဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေကို ဆက်တိုက်ယှဥ်ပြိုင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကလွဲရင် စစ်တပ်ဦးဆောင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲ အများစုမှာ သူ အနိုင်ရခဲ့ပါတယ်။ ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွေမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ယှဥ်ပြိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်ကို မဲအရေအတွက် သောင်းဂဏန်းအကွာနဲ့ ရှုံးခဲ့ပြီး NLD မပါတော့တဲ့ ၂၀၂၅ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာတော့ ပြန်အနိုင်ရခဲ့ပါတယ်။

Ref : BBC Burmese (https://www.bbc.com/burmese/articles/cp86v8rn0rlo)

0287d9d5b1a96.png