သတင်းတပ်ချုပ်အသစ်လက်ထက် သံတွဲဒေသတိုက်ခိုက်မှု ကလေးများအပါအဝင် မိသားစုဝင် ၄ဦးသေဆုံး

2026. 04. 02


ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စစ်တပ်ခြေလျင်တပ်ရင်းဟောင်းနေရာအနီး နေထိုင်နေကြသော စစ်ရှောင်မိသားစုဝင် လေးဦး သေဆုံးသွားကြရာ ကလေးငယ်နှစ်ဦး ပါဝင်သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်မှ လာရောက်စစ်ဘေးရှောင်နေထိုင်နေကြသည့် မိသားစုမှ နှစ်နှစ်အရွယ် မအေးငြိမ်းလှိုင်၊ ခုနစ် နှစ်အရွယ် မပြည့်ဖြိုးနွယ်တို့ ညီအစ်မနှင့် မိခင်ဖြစ်သူ ဒေါ်မအောင်သန်း (၂၆ နှစ်) ၊ အဘွားဖြစ်သူ ဒေါ်မအေးမေ (၄၇ နှစ်) တို့ ဖြစ်ကြသည်။

စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက် မိသားစုလိုက် သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်ဟု AA ဘက်က ဆိုသည်။

ယခုရက်များအတွင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် တစ်ကြိမ်တည်းမှာပင် လေယာဉ် အများအပြား အသုံးပြု တိုက်ခိုက်လာကြောင်း AA က ဆိုခဲ့ပြီး ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိရှိရန် တိုက်တွန်းထားသည်။

ရခိုင်ဒေသသာမက ယခင်လအတွင်း အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စေခဲ့သော လေကြောင်း တိုက်ခိုက်မှုများတွင် လေယာဉ်အများအပြားဖြင့် ပစ်မှတ်တစ်နေရာတည်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်ပုံစံမျိုး စစ်တပ်က လုပ်ဆောင်လာသည်ဟု လေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများက ပြောကြသည်။

ကမ္ဘာတစ်ဝန်း လောင်စာဆီ အကျပ်အတည်းဖြစ်နေသည့် မတ်လအတွင်းမှာပင် အာဏာသိမ်းစစ်တပ်က လူအစုလိုက်အပြုံလိုက် လူ ၃၀၀ ထက်မနည်း သေဆုံးစေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ရခိုင်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်ဒေသတို့တွင် ပြုလုပ်ခဲ့သည်။

Ref : Myanmar Now (https://www.facebook.com/share/p/1C6ss63a6r/)

9823fda76f630.png